မန္တလေးလယ်သမားများနှင့် မြေယာအခွင့်အရေးကာကွယ်သူများကို စွဲဆိုထားသော အမှုများအားရုပ်သိမ်းပါ

09/08/2017
Communiqué
en my

ပါရီ-ဂျနီဗာ-ဘန်ကောက်၊ သြဂုတ်လ ၉ ရက်၊ ၂၀၁၇ - မန္တလေးတိုင်းဒေသကြီးတွင် ပြုလုပ်ခဲ့သော ဆန္ဒထုတ်ဖော်ပွဲတစ်ခုကြောင့် လယ်သမား (၁၁) ဦးနှင့် မြေယာအခွင့်အရေးကာကွယ်သူ (၂) ဦးအား မြန်မာအာဏာပိုင်များက စွဲဆိုထားသည့်အမှုများအားလုံး ချက်ချင်းရုပ်သိမ်းသင့်ကြောင်း The Observatory (FIDH နှင့် OMCT) က ယနေ့ပြောကြားလိုက်သည်။

“လယ်ယာမြေဆုံးရှုံးသွားတဲ့ လယ်သမားတွေကို အရေးယူမယ့်အစား၊ အစိုးရအာဏာပိုင်တွေအနေနဲ့ သူတို့ရဲ့ အမှန်တကယ် နစ်နာချက်တွေအပေါ် တောင်းဆိုမှုတွေကို ဖြေရှင်းပေးဖို့ အားစိုက်လုပ်ဆောင်သင့်ပါတယ်။ မြေယာအငြင်းပွားမှုတွေအတွက် အဖြေရှာတဲ့အခါ အစိုးရအနေနဲ့ လူသားဆန်တဲ့နည်းလမ်းတွေနဲ့ ချဉ်းကပ်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။”

FIDH နှင့် ALTSEAN-Burma ၏ အထွထွေအတွင်းရေးမှူးချုပ် ဒယ်ဘီစတောက်ဟာ့

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ၊ ၂၃ ရက်နေ့မှာ မန္တလေးအခြေစိုက် အလုပ်သမားနှင့်လယ်သမားကွန်ယက်အဖွဲ့ (FNI-FL) ၏ခေါင်းဆောင် တက်ကြွလှုပ်ရှားသူများဖြစ်ကြသော ဦးတိုးကြီးနှင့်ဦးမျိုးဝင်းအပြင် လယ်သမား (၁၁) ဦးတို့အား အောက်တိုဘာလ ၈ ရက်၊ ၂၀၁၆ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာရွာတွင်ပြုလုပ်ခဲ့သော ထွန်တုံးတိုက်ပွဲ၌ ပါဝင်ခဲ့သောကြောင့် ရဲများကဖမ်းဆီးခဲ့သည်။ (ထွန်တုံးတိုက်ပွဲ ဆိုသည်မှာ အငြင်းပွားမှုဖြစ်နေသောမြေပေါ်တွင် လယ်သမားများက ယခင်အတိုင်း ဆက်လက်ထွန်ယက် စိုက်ပျိုးခြင်းဖြင့် ၎င်းတို့၏မြေယာပိုင်ဆိုင်မှုကို ပြန်လည်တောင်းဆိုသည့် ဆန္ဒထုတ်ဖော်မှုပုံစံမျိုးဖြစ်သည်) တပ်မတော်သည် ၁၉၉၈ ခုနှစ်တွင် လယ်ယာမြေများကို နစ်နာကြေးပေးခြင်းမရှိပဲ စတင်သိမ်းယူခဲ့ပြီး အဆိုပါ သိမ်းဆည်းခဲ့သော မြေယာအများအပြားကို ယခင်ကစစ်အစိုးရ အာဏာရှင်များနှင့်ချိတ်ဆက်မှုရှိသော ပုဂ္ဂလိကကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းရှင်များထံသို့ ကော်ဖီစိုက်ခင်းစီမံကိန်းတစ်ခုအတွက် ပြန်လည် ရောင်းချခဲ့သည်။

အဆိုပါ လယ်သမားနှင့်တက်ကြလှုပ်ရှားသူ ၁၃ ဦးသည် ပုဂ္ဂလိကကုမ္ပဏီနှစ်ခုဖြစ်ကြသော Cooperative Bank ၊ Ar-raw Jan Pharmaceutical နှင့် ဒေသခံစီးပွားရေးလုပ်ငန်းရှင် ကြူဇင် တို့၏ အမှုဖွင့် တရားစွဲဆိုချက်များအရ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ၎င်းတို့က မိမိတို့သည် မြေယာပိုင်ရှင်များဖြစ်ကြောင်းနှင့် ထွန်တုံးတိုက်ပွဲကြောင့် ငွေကြေးနှစ်နာဆုံးရှုံးများ ဖြစ်ပေါ်ခဲ့ကြောင်း စွပ်စွဲထားသည်။

ဖမ်းဆီးခံရသူ (၁၃) ဦးသည် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၁၄ (ပြစ်မှုကျူးလွန်ရာတွင်အားပေးကူညီခြင်း)၊ ပုဒ်မ ၃၅၃ (ပြည်သူ့ဝန်ထမ်းအားဝတ္တရားနှောင့်ယှက်ခြင်း)၊ ပုဒ်မ ၃၉၂ (လုယက်ခြင်း)၊ ပုဒ်မ ၄၂၇ (အကျိုးဖျက်ဆီးခြင်း)၊ ပုဒ်မ ၄၄၇ (ပိုင်နက်ကျူးကျော်ခြင်း)၊ ပုဒ်မ ၅၀၆ (ခြိမ်းခြောက်ခြင်း) စသည့် ပုဒ်မများဖြင့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ၊ ၂၄ ရက်နေ့ တရားစွဲဆိုခံခဲ့ရသည်။ ၎င်းတို့သည် (၄) လကြာဖမ်းဆီး ချုပ်နှောင်ခံခဲ့ရပြီးနောက် ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၀၁၇ ခုနှစ်တွင် အာမခံရရှိခဲ့သည်။ ထို့နောက် ၂၀၁၇ ခုနှစ်၊ ဇွန်လ၊ ၁ ရက်နေ့ ပြင်ဦးလွင်တရားရုံးမှ အာမခံပြန်လည်ရုပ်သိမ်းခဲ့ပြီး ဖမ်းဝရမ်းထုတ်ပြန်ခဲ့သည်။

လွန်ခဲ့ (၂) နှစ်တာကာလအတွင်း ဒေသခံလယ်သမားများသည် လယ်ယာမြေပြန်လည်ရရှိရန်အတွက် ပြင်ဦးလွင်ရှိ မြေများပေါ်တွင် ယာယီတဲများထိုး၍ ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ကြသည်။ ထို့အတူ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ၊ ၂၈ ရက်နေ့ညတွင် မန္တလေးမြို့ ၆၂ လမ်းပေါ်တွင် ဖွင့်ထားသော ထိုင်သပိတ်ကို ရဲများက ဝင်ရောက်စီနင်းပြီး သပိတ်ဦးဆောင်သူ (၈) ဦးနှင့် လယ်သမား (၃) ဦးအား ဖမ်းဆီးခဲ့သည်။ ၎င်းတို့အား လွတ်လပ်စွာစုဝေးခွင့်နှင့်စီတန်းလှည့်လည်ခွင့်ဥပဒေ ပုဒ်မ ၁၉၊ ပုဒ်မ ၂၀ တို့ဖြင့် တရားစွဲဆိုခဲ့ပြီး နောက်တစ်နေ့တွင် အာမခံဖြင့်ပြန်လွှတ်ပေးခဲ့သည်။ ၂၀၁၇ ခုနှစ်၊ ဇွန်လမှစ၍ မူလလယ်ပိုင်ရှင်များ လယ်ယာမြေပြန်လည်ရရှိရေး၊ ဖမ်းဆီးခံရသူများပြန်လည်လွတ်မြောက်ရေး၊ လယ်သမားများအား စွဲဆိုထားသော အမှုများရုပ်သိမ်းပေးရေးအတွက် မန္တလေးတိုင်းရှိ ရာနှင့်ချီသောလယ်သမားများသည် အာဏာပိုင်များထံ ဆန္ဒထုတ်ဖော်ခြင်း၊ တောင်းဆိုခြင်းများ ပြုလုပ်လာခဲ့သည်။ မန္တလေးတိုင်းဒေသကြီး အလယ်ပိုင်းတွင် မြေယာသိမ်းဆည်းမှုများနှင့် ဆက်စပ်၍ လက်တလောအရေးယူခံနေရသော လယ်သမားဦးရေ (၅၀၀) နီးပါးခန့်ရှိနေသည်။

လယ်သမားများ နိုင်ငံတကာစံနှုန်းများနှင့်အညီ ငြိမ်းချမ်းစွာစုဝေးခွင့် ပြည့်ဝစွာအသုံးချနိုင်ရေး မြန်မာအစိုးရ အာဏာပိုင်များအနေဖြင့် ဆောင်ရွက်ပေးရန် Observatory မှတောင်းဆိုသည်။ မြန်မာနိုင်ငံသည် စီးပွားရေး၊ လူမှုရေးနှင့်၊ယဉ်ကျေးမှုအခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်ကို ၂၀၁၅ ခုနှစ်၊ ဇွန်လိုင်လ၊ ၁၆ ရက် နေ့တွင် ကနဦးလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ Observatory အဖွဲ့ဝင်များဖြစ်သော FIDHနှင့် OMCT တို့သည် မြန်မာနိုင်ငံအစိုးရအား စီးပွားရေး၊လူမှုရေးနှင့်၊ယဉ်ကျေးမှုအခွင့်အရေးဆိုင်ရာနိုင်ငံတကာသဘောတူစာချုပ်ကို အတည်ပြုလက်မှတ်ရေးထိုးရန် တောင်းဆိုသည်။

“အရင်အစိုးရလက်ထက်ကလို ဖိနှိပ်တဲ့နည်းလမ်းတွေသုံးပြီး လယ်သမားတွေရဲ့ အခြေခံအခွင့်အရေးကို ငြင်းပယ်မှုတွေ လုပ်နေတာတွေကို လက်ရှိအစိုးရအာဏာပိုင်တွေအနေနဲ့ မဖြစ်မနေစွန့်လွတ်ဖို့ လိုပါတယ်။ ဒါ့အပြင် အစိုးရမှာ လူ့အခွင့်အရေးကာကွယ်ရမယ့် တာဝန်တွေကို အသိအမှတ်ပြုတဲ့နည်းလမ်း၊ နောက်ပြီး မြေယာအငြင်းပွားမှုတွေကို မျှတပြီးတာဝန်ယူမှုရှိတဲ့ပုံစံနဲ့ ညှိနှိုင်းဖြေရှင်းပေးတာတွေ ပြုလုပ်ပေးနိုင်တဲ့ နည်းလမ်းအသစ်နဲ့ ဆောင်ရွက်ဖို့လိုပါတယ်”

OMCT ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဂျာရယ်လ်စတပ်ဘရော့

The Observatory for the Protection of Human Rights Defenders (the Observatory) ကို ၁၉၉၇ ခုနှစ်တွင် International Federation for Human Rights (FIDH) နှင့် World Organization Against Torture (OMCT) တို့က ပူးပေါင်းတည်ထောင်ခဲ့သည်။ Observatory ၏ ရည်ရွယ်ချက်မှာ လူ့အခွင့်အရေးကာကွယ်သူများအပေါ် ဖိနှိပ်မှုများကိုကာကွယ်ရန်နှင့် ထိခိုက်နစ်နာမှုများအတွက် ကုစားမှုပေးရန် ဖြစ်သည်။ FIDH နှင့် OMCT တို့သည် ဥရောပသမဂ္ဂလူ့အခွင့်အရေးကာကွယ်သူများယန္တရားဖြစ်သော ProtectDefenders.eu ၏အဖွဲ့ဝင်များဖြစ်ကြသည်။

ဆက်သွယ်ရန်
For more information, please contact:
• FIDH: Audrey Couprie: +၃၃ ၆၄၈၀၅၉၁၅၇ (ပါရီမြို့)၊ Andrea Giorgetta: +၆၆ ၈၈၆၁၁၇၇၂၂ (ဘန်ကောက်မြို့)
• OMCT: Delphine Reculeau: +၄၁ ၂၂၈၀၉၄၉၃၉ (ဂျနီဗာမြို့)
• ALTSEAN-Burma: Debbie Stothard: +၆၆ ၈၁၆၈၆၁၆၅၂ (ဘန်ကောက်မြို့)
Lire la suite